ပညာရေး သတင်း — ရန်ကုန်၊ မတ် ၃၊ ၂ဝ၁၃

ရန်ကုန်တိုင်း ဒေသကြီး၊ ဗဟန်း မြို့နယ်၊ ဖိုးစိန်လမ်းရှိ ပုဂ္ဂလိက စာသင်ကျောင်း Horizon International School တွင် ကျောင်းသား မိဘအချို့နှင့် ကျောင်းအုပ်ချုပ်သူများ အကြား ကျောင်းလခ ငွေကြေး တိုးမြှင့် ကောက်ခံသည့် အတွက် မကြေလည်မှုများ ရှိခဲ့သောကြောင့်  ဖေဖော်ဝါရီ ၂၈ ရက် နံနက်ပိုင်းမှ စတင်ပြီး ယင်း ကျောင်းပရဝုဏ် အတွင်း ကျောင်းသား မိဘအချို့မှ ဆန္ဒ ထုတ်ဖော်မှုတစ်ခု ဖြစ်ပွားခဲ့သည်။

ဆန္ဒထုတ်ဖော်မှု ဖြစ်ပေါ်ရခြင်းနှင့် ပတ်သက်ပြီး ယင်းကျောင်းမှ ဂရိတ် ၅ တွင် ပညာသင်ကြားနေသူကျောင်း သား မိဘတစ်ဦးက ပြောကြားရာတွင် “ကျွန်တော့်ဆန္ဒ သဘောကတော့ ကျောင်းလခ မတက်နဲ့လို့ ပြောတာ မဟုတ်ပါဘူး။ ပုံမှန်လေးတော့ တက်လို့ ရပါတယ်။ အားလုံးကို မျှမျှတတတော့ ဖြစ်စေချင်တယ်။ မိဘတိုင်းရဲ့ ဆန္ဒတွေက အဲဒီအတိုင်းပဲ ရှိကြတယ်။ မနှစ်ကဆိုရင် ကျွန်တော့်သား အတွက် ၄၅ သိန်း သွင်းရတယ်။ ဒီနှစ် ကျတော့ ၅၉ သိန်း သွင်းရမယ်လို့ ကြားတယ်။ ၄ဝ ရာခိုင်နှုန်းလောက် တက်သွားတာ ပေါ့။ ကျွန်တော်ကတော့ လုံးဝမသွင်း သေးဘူး” ဟု ကျောင်းလခ တိုး တောင်းလိုက်ခြင်းအတွက် သူ၏ ဆန္ဒကို ဆိုသည်။

ဆက်လက်၍ နဝမတန်းတွင် တက်ရောက်နေသည့် ကျောင်းသား တစ်ဦး၏ မိဘက ပြောကြားရာတွင် “ပြီးခဲ့တဲ့နှစ် ကတည်းက ကျောင်းလခ စတက်ပါတယ်။ ၂ဝ၁ဝ ခုနှစ် တုန်းကဆိုရင် ကျောင်းလခကို ဒေါ်လာနဲ့ ယူတယ်။ နိုင်ငံခြားကျောင်း ဆိုတော့ ဒေါ်လာနဲ့ယူတာပေါ့။ ၂ဝ၁၁ ခုနှစ်မှာ မြန်မာငွေနဲ့ ပြောင်းယူတယ်။ အဲဒီအခါကျတော့ ကျွန်တော်က ကျောင်းအုပ်ကြီးနဲ့ ဝင်တွေ့တယ်။ ဘာကြောင့်လည်းဆိုတော့ အဲဒီအချိန် က ဒေါ်လာ ၁၁ဝဝ ရှိတဲ့အချိန် မှာ ဒေါ်လာနဲ့ တွက်ယူတယ်။ မနှစ်က ကြတော့ ဒေါ်လာဈေးက ၈ဝဝ ကျော်ပဲ ရှိတော့ မြန်မာငွေ နဲ့ ပြောင်းယူပြန်တယ်။ အဲဒီတော့ နှုန်းတွေ ဘယ်လောက်တက်သွားသလဲဆိုရင် ၄ဝ ရာခိုင်နှုန်းလောက် တက်သွားတယ်။ ဒီလိုမျိုး အမျိုးမျိုး တက်တယ်။ သတ်မှတ်ချက် တစ်ခုမှ မရှိဘူး ဆိုရင်တော့ ကျွန်တော်တို့ ကလေးတွေကို ကျောင်းဘယ်လို ဆက်ထား မလဲ။ ကျွန်တော် တစ်ဦးတည်း မဟုတ်ဘူး။ မိဘတိုင်း အဲဒီလိုပဲဖြစ်တယ် ဆိုတာကို ကျောင်းအုပ်ကြီးကို ရှင်းပြတော့ ကုန်ဈေးနှုန်းက ဈေးမကျဘူး လို့ ပြန်ပြောတယ်။ နောက်တော့ လာမယ့်နှစ်မှာ တက်မှာလား လို့မေးတော့ မတက်ပါဘူးလို့  သူက ကတိ ပေးခဲ့တယ်။ ဒီနှစ်လည်း ရောက်တော့ ကျောင်းသားမိဘတွေကို ခေါ်မတွေ့ဘဲ နောက်ထပ် ၄ဝ ရာခိုင် နှုန်း ဈေးတင်ပြီး ဆိုင်းဘုတ်မှာကြတော့ ၁ဝ ရာခိုင်နှုန်း(အော့ဖ်)လို့ ရေးထားတယ်” ဟု ကျောင်းလခများ တစ်နှစ်ထက် တစ်နှစ် တိုးတောင်းလာသည့် အခြေအနေကို ပြောသည်။ ယင်းနောက် စာသင်ချိန် ၁၅ မိနစ် နောက်ကျ၍ ကျောင်းထုတ်ခံခဲ့ရသည့် ဂရိတ် ၁ဝ အတန်းသို့ တက်ရောက် ခဲ့သော ကျောင်းသားမောင်ဇော်မင်း သိန်း၏ မိဘများက ပြောကြားရာတွင် “ကျွန်မသားကို အရင်က ဖိုးစိန် လမ်းက Horizon International School မှာ အပ်ထားခဲ့တာပါ။ ၂ဝ၁၂ ခုနှစ်မှာ ဂရိတ် ၁ဝကို ရောက်တော့ အဲဒီကျောင်းက စာသင်တာညံ့တဲ့ အတွက် သာကေတမြို့နယ်၊ ရှုခင်းသာ Horizon International School ကို ပြောင်းအပ်ခဲ့ပါတယ်။ ကျောင်း တက်ပြီးတစ်လကြာတော့ ၇.၉.၂ဝ၁၂  နေ့မှာ P.E (Physical Education) အချိန်မှာ ကျွန်မသားက အဝတ် အစားတွေ ရေစိုလို့ သွားလဲခဲ့တာ ၁၅ မိနစ် နောက်ကျသွားတယ်။  အဲဒါကို ကျောင်းအုပ်ကြီးက ၁ဝ.၉.၂ဝ၁၂ နေ့မှာ ကျွန်မသားကို အဲဒီလို ၁၅ မိနစ် နောက်ကျတဲ့အတွက် ကျောင်းက ထုတ်ပစ်လိုက်တယ်။ နောက်နေ့ကျ တော့ ကျွန်မအမျိုးသား ကိုယ်တိုင် ကျောင်းကို လိုက်သွားပြီး Principal နဲ့ တွေ့ဆုံတဲ့အခါမှာ Principal က ခင်ဗျားသားကို Suspension ပြုလုပ်ထားတယ်။ ကျောင်းလုံးဝ တက်ခွင့်မရှိဘူးလို့ပြောလိုက်တယ်။ အခုလို ၁၅ မိနစ်လောက် နောက်ကျတာနဲ့ ဒီလို အပြစ်ပေးတာမျိုးတော့ မလုပ်သင့်ဘူးပေါ့။ မိဘဆီကို တရားဝင် အကြောင်းကြားစာ ပေးပို့သင့်တာပေါ့။ မိဘ၊ ဆရာကျောင်းသား တွေ့ဆုံ ပြီးတော့ ဆွေးနွေးသင့်တယ်။ သေသေချာချာ လေ့လာစုံစမ်း စစ်ဆေးပြီးမှလုပ်သင့်တယ်။ ပြီးတော့ ပိုဆိုးတဲ့ ကျောင်းရဲ့ လုပ်ရပ်က ကျွန်မသားကို ကျောင်းထုတ်ပြီး တက္ကစီကားတစ်စီးနဲ့ တင်ပေးလိုက်တယ်။ကလေးက ကားခလဲမပါဘူး။ တက္ကစီ မောင်းတဲ့သူက စေတနာနဲ့ ကလေးကိုကူညီပြီး အိမ်အရောက် ပို့ပေးတဲ့အတွက် အိမ်ကို ပြန်ရောက်လာတယ်။ ဒီလုပ်ရပ် ကလည်း ကျောင်းသားတစ်ဦးရဲ့ အသက် အန္တရာယ်ကို မငဲ့ကွက်ရာရောက်ပြီး တာဝန်မဲ့ လုပ်ဆောင်တယ် လို့ ကျွန်မ ယူဆတယ်” ဟု Horizon International School ကျောင်း၏ တာဝန်မဲ့ လုပ်ဆောင်ခြင်း ကြောင့် ကျောင်းသား တစ်ယောက်၏ နစ်နာမှုများကို ပြောသည်။

ဆက်လက်ပြီး ယင်းကျောင်း၏ လုပ်ဆောင်ချက်များအား သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် စစ်ဆေးမှု များ ပြုလုပ်သင့်သည် ဆိုသည့် အချက်အလက်များကို ပြောကြားရာတွင် “Horizon ကျောင်းဟာ နိုင်ငံတော်က ထုတ်ပြန် ထားတဲ့ ကိုယ်ပိုင်ကျောင်း မှတ်ပုံတင် ဥပဒေနဲ့ ညီညွတ် ခြင်းရှိ/မရှိ ဆရာ/ဆရာမ များတွင် ရှိသင့် ရှိထိုက်သည့် ပညာ အရည်ချင်း ပြည်စုံမှု ရှိ/ မရှိ စတဲ့ အချက်တွေကို သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် စစ်ဆေးသင့်ပါတယ်။ ကျွန်မတို့ ကျောင်းသားမိဘတွေအနေနဲ့လည်း ဖြစ်ခဲ့တဲ့ကိစ္စတွေအတွက် သက်ဆိုင်ရာ အာဏာပိုင် အဆင့်ဆင့်ကို တင်ပြ တိုင်တန်းသွားမှာပါ” ဟု ဆိုသည်။

အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ ကျောင်းသားမိဘများနှင့် Horizon ကျောင်းမှ အုပ်ချုပ်သူများ ညှိနှိုင်း ဆွေးနွေးမှု တစ်ခုကို မတ်လ ၃ရက် နံနက်ပိုင်းက ရှုခင်းသာရှိ  Horizon ကျောင်းတွင် ပြုလုပ်ရာ ကျောင်းလခများ တိုးမြှင့်တောင်းခံရခြင်းသည် ကျောင်းကော်မတီ အဖွဲ့ ၁ဝ ဖွဲ့၏ သဘောထားဖြင့် တိုးရခြင်း ဖြစ်ကြောင်း၊ ယခုလို တိုးမြှင့်ကောက်ခံသည့် ကျောင်းသားတစ်ဦး၏ ယခင် တစ်နှစ်စာကျောင်းစရိတ်ထက် ၄ဝ ရာခိုင်နှုန်းမြှင့်ခြင်း သည် ကျောင်း၏ မြေငှားရမ်းခ၊ ကျောင်း၏ အသုံးစရိတ်များ၊ နိုင်ငံခြားမှ ဆရာများ၏ ငှားရမ်းခများ မြင့်တက်မှုများ ရှိလာသောကြောင့် ယခုလို တိုးမြှင့်ကောက်ခံ ခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် တိုးမြှင့်ကောက်ခံ သည့် ငွေကြေး အပေါ် ပြောင်းလဲပြင်ဆင်လျော့ချပေး မည်မဟုတ်ကြောင်း သက်ဆိုင်ရာ ကျောင်းအာဏာပိုင် များက ပြောသည် ဟု ကျောင်းသားမိဘများက မြန်မာ အင်ဒီပဲန်ဒင့်သို့ ပြောသည်။

Horizon ကျောင်း၏ သက်ဆိုင်ရာ တာဝန်ရှိသူများအား မြန်မာအင်ဒီပဲန်ဒင့် သတင်းဂျာနယ်မှ တွေ့ဆုံရာ ကျောင်းအုပ် ဆရာ Mr. Vugar Babayew က ဤကျောင်းမှာ တစ်ကမ္ဘာလုံးက အသိအမှတ်ပြုထားသည့် ကျောင်း ဖြစ်ကြောင်း ၊ ကျောင်းတွင် ဩစတြေးလျ၊ ဖိလစ်ပိုင်၊အိန္ဒိယ၊ တရုတ်၊ ယူကေ၊ ယူအက်စ်မှ ဆရာ များကို ခေါ်သင် သည့် ကျောင်းဖြစ်ကြောင်း၊ ကုန်ဈေးနှုန်းများ မြင့်တက်မှုကြောင့် ယခုလို တိုးမြှင့် ကောက် ခံခြင်းဖြစ်ကြောင်း ပြောကြား ပါသည်။

Horizon ကျောင်းကို ၁၉၉၉ ခုနှစ်က မြန်မာနိုင်ငံတွင် တူရကီနိုင်ငံ မှ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက တည်ထောင် ဖွင့်လှစ်ခဲ့ပြီး တူရကီ လူမျိုး ကျောင်းဆရာ အများစုက သင်ကြားနေသော ကျောင်းတစ် ကျောင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ  Horizon ကျောင်းသား မောင်ဇော်မင်းသိန်း ကျောင်းထုတ်ခံရသည့် ကိစ္စနှင့်ပတ်သက်၍ Horizon International School မှ တာဝန်ရှိသူ Mr. Adam (ကျောင်းသားရေးရာ ဌာန) နှင့် မဥမ္မာတို့ကို မတ်လ ၅ ရက် တွင် ဆက်သွယ် မေးမြန်းခဲ့ရာ ဖြေရှင်းချက် တစ်စုံတစ်ရာ မရရှိဘဲ အဓိက ပြောရေးဆိုခွင့်ရှိသူမှာ ပြည်ပရောက် ရှိနေကြောင်းသာ ပြန်လည် ဖြေကြားခဲ့သည်။

ဝ၃၂

ဆက်စပ်သတင်းများ

ပါရမီကောလိပ် ရွှေဂုံပလာဇာတွင် ဖွင့်

ပါရမီကောလိပ် ရွှေဂုံပလာဇာတွင် ဖွင့်

ရန်ကုန်၊ ဇန်နဝါရီ ၁၂၊ ၂၀၁၇
ပွင့်သောပန်းတို့ လန်းစေဖို့

ပွင့်သောပန်းတို့ လန်းစေဖို့

ရန်ကုန်၊ ဒီဇင်ဘာ ၈၊ ၂၀၁၆

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*